Sunday, November 30, 2008

ပြောမပြောချင်ပေါင်ဗျာ

ကျုပ်တို့ကာလသားတစ်စု ပြီးခဲ့တဲ့တန်ဆောင်တိုင်ပွဲ အပီနွှဲမလို့ဆိုပြီးရှိတာလေးပေါင် ဒိုးပတ်ဝိုင်းထောင်ခဲ့သေးသဗျ။
ကာလသားတစု ဥာဏ်ကုန်ထုတ်ပြီး သံချပ်ကလေးတိုင်လိုက်သေးသဗျ
ဂလိုလေးဗျာ “ပတ်ပေါင်ပေါင်….တူးပေါင်ပေါင် တူးပတ်ဗေပုံ တူးပုံတူးပုံ”

ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာတွေ ရှိကြပြီတဲ့…..

ဒီလိုပေါတဲ့ကွန်ပျူတာ ဘယ်နိုင်ငံမှာထုတ်လုပ်တာတုန်း…..

ငါတို့လက်စွဲကွန်ပျူတာ ပြည်မြန်မာမှာထုတ်လုပ်တာဟေ့…..

မိတ်အင်မြန်မာ ကွန်ပျူတာ ကွာလတီမှာ ဘယ်နှယ့်နေတုန်း….

.ပြည်တွင်းဖြစ်ရဲ့ ကောင်းချက်ဗျာ ကွာလတီမှာ တယ် ဂွတ်ဆိုပဲ…..

တယ်လည်း ဂွတ်တဲ့ ဒီလိုဟာ ဈေးနှုန်းမှာကွာဘယ်နယ့်နေတုန်း…..

ဈေးနှုန်းမေးတဲ့ ကိုအဝှာ ခင်ဗျားဖာသာစဉ်းစားကြည့်ဦး…..။

မေးတာလေးတော့ ဖြေပါဗျာ ဈေးနုန်းမှာဗျာ ချိုသာရဲ့လား…..

ပြည်တွင်းဖြစ်ကို အားပေးပါ ဈေးနုန်းတွေဟာ ချိုသာပါရဲ့…..။

ဈေးနှုန်းချိုတဲ့ ဒီလိုဟာ နိုင်ငံတကာစံချိန်မှီလား…..။

ဆော့ဝဲ၊ဟတ်ဝဲ အကုန်ဗျာ နိုင်ငံတကာစံချိန်မှီတဲ့…..

စံချိန်မှီတဲ့ ကွန်ပျူတာ အာမခံတာဘယ်နှယ်နှစ်တုန်း…..

“ဆယ်နှစ်၊ဆယ်မိုး”သုံးစမ်းဗျာ မပျက်စီးပါ “လုံးဝ” ဆိုပဲ…..

ဟီတာချီနဲ့တိုရှီဘာ သူ့ကိုကျော်ကာကောင်းကြမှာပ…..

ကျော်ဖို့ဆိုတာနေနေသာ သူ့ခြေဖျားတောင် မှီဘူးဆိုပဲ…..

အိတ်ခ်ျပီ၊အေဆာ၊ဒဲ တွေဟာ ဒီဇိုင်းမှာကွာ ရှေ့ဆုံးမှာတဲ့…..

အဲဒါလောက်တော့ အပျော့ဗျာ လိုအပ်လာရင် “ကိုယ်ပျောက်” ဒီဇိုင်း…..

ကိုယ်ပျောက်နိုင်တဲ့ ကွန်ပျူတာ တီထွင်တာဟာ ဘယ်သူတဲ့တုန်း…..

ဘီးလ်ဂိတ်ကြီးရဲ့ ဆရာဗျာ ကိုကြီးကျော် ဗျာ ဗမာပြည်က…..

ဗမာပြည်က ကိုကြီးကျော် တကယ်တော်တာ ဘယ်နှယ့်ဟာတုန်း…..

တော်လွန်လွန်းလို့တဲ့ ကိုကြီးကျော် “နာဆာ” ကတောင်ခေါ်သေးဆိုပဲ…..

ဒေါ်လာကောင်းကောင်းရမှာကွာ ငါသာဆိုရင် ခုသွားချင်ရဲ့…..

မင်းလိုကောင်းသာသွားချင်တာ ကိုကြီးကျော်ဟာ ဆောရီးဗျာတဲ့…..။

မင်းတို့ လူကြီး ညံ့ချက်ကွာ ငါသာဆိုရင် ခုပြေးပြီဟေ့…..

တိုင်းပြည်ချစ်တဲ့ ကိုကြီးကျော် ဒေါ်လာကိုနော် မျှော်မတေွးဘူး….

ဟုတ်ပါ့မလား ငါ့လူရာ ကိုကြီးကျော်ဟာ “အ” လိုပါကွ…..

“မအ”ပေါင်ကွာ ငါ့ကောင်ရာ တို့ပြည်မြန်မာ ကမ္ဘာမှာတစ်…..

ကမ္ဘာမှာတစ် တို့နိုင်ငံ ငွေသံကြေးသံ ဘယ်နှယ့်နေတုန်း…..

ဒုန်းဝေးရန်ကော ငါ့လူရာ တစ်ဒေါ်လာဟာ ဗမာ တစ်ကျပ်…..

ဗမာတစ်ကျပ် တစ်ဒေါ်လာ မင်းပြောတာဟာဟုတ်သေးရဲ့လား

ဒီထက်ပိုသေး ငါလူရေ ရူရိုငွေ ဆို ၉၉ ပြား…..

၉၉ ပြား တစ်ရူရို နည်းနည်း ပိုကွာ အပြောကိုလျော့…..

မလျော့နိုင်ဘူး ငါ့လူရာ အင်္ဂလန်ပေါင်ဟာ ဗမာတစ်ဝက်…..

ကမ္ဘာ့ထိပ်သီးတို့နိုင်ငံ UN မှာကွာ ဘယ့်နှဲ့နေတုန်း…..

နိုင်ငံတကာ့ ခေါင်းဆောင်ဗျာ တို့ဗမာဆို ဖိန့်ဖိန့်တုန်တဲ့….

အဲ အဲ အဲ့ဂလိုဝိုင်း ကလေးစည်နေတုံး(ဘယ်ကောင်တွေ ချွန်လိုက်တယ်မသိဘူး)

ဗြုန်းကနဲဆို အစိမ်းရောင်မှာ အဖြူရောင်ကြယ်တစ်ပွင့်နဲ့ နံပါတ်တွေပါတဲ့ လော်ရီကားကြီးတစ်စီးနဲ့ ကားပြာကြီးတစ်စီး ကျုပ်တို့ဆီဦးတည်မောင်းလာတာနဲ့ ဗမာ့သွေးပီပီ ဖဝါးနဲ့တင်ပါး တသားတည်းကျအောင် တကျိုးတည်းလစ်လာခဲ့ရတယ်ဗျို့ နောင်တစ်နေ့တော့ပြန်တွေ့သေးတာပေါ့ဗျာ…..။ ။
ဖြစ်ချင်တာလေးတွေပါဗျာ….။ ကိုကြီးကျော်

No comments: