Wednesday, May 12, 2010

လူလိမ်ကြီး

လူလိမ်ကြီး......(မန်းကျော်ရေးသည်။)

ဆိုင်ကယ် အစုတ်ကြီးတစ်စီးနှင့် လူတစ်ယောက်သည် မန္တလေး ကျုံးတော်ဝိုင်းပတ်လျက်ရှိသောနန်းမြို့တော်၏ အနောက်တံခါးမှ ထွက်ပေါ်လာမည့် မိန်းကလေးတစ်ယောက်နှင့် သူမမြင်ဖူးသေးသောအဒေါ်ကြီးတစ်ယောက် ကို နေပူကြီးထဲတွင် အနောက်ကျုံးတံတားပေါ်မှ လွန်စွာစိတ်အားထက်သန်စွာဖြင့် စောင့်နေလေ၏....။

နေကားကြဲကြဲတောက်ပူ၏။ မန္တလေးနွေသည် ထိုကတုံးဆံတောက်ဆံပင်ရှိ၍ ပုဆိုးညိုညိုအရောင်ဖျော့ဖျော့ဝတ်ဆင်ထားသော...အသက်ငယ်ငယ်နှင့်အဖိုးကြီးအို ရုပ်ပေါက်နေသောလူဝကို ချွေးအလွန်ထွက်စေကာ အလိုလိုနေရင်း စိတ်အိုက်အောင်ပံပိုးနေလေတော့သည်။

ထိုကတုံးဆံပေါက်ကား မကြာမှီကမှ နိုင်ငံခြားမှ ပြန်လာခဲ့သည်ကို ကျမ်းကျိန်ပြောရလောက်သော အဆင်းအသွင်ရှိလေ၏။ ကွမ်းမစားရတာကြာပြီ ဟူသောအကြောင်းဖြင့် နင်းကန်စားထားသဖြင့် ဝါညစ်ညစ်ဖြစ်ရုံမက ရဲနေသောသွား.၊ အခြားသော နိုင်ငံခြားပြန်များကဲ့သို့ တောက်ပ သစ်လွင်သော ဝတ်စားဆင်ယင်မှုမရှိသည့်အပြင် အရောင်မွဲသောပုဆိုးနှင့်လိုက်ဖက်သော နေလောင်ခံအသားအရည် နီညိုရောင်နှင့်ထန်းတက်သမားရုပ်ပေါက်နေလေ၏။

ထိုကတုံးစီးလာသော ဆိုင်ကယ်အိုကြီးကိုလည်း ရှုပါဦး။ မီးခွက်ဝိုင်း စူပါကတ်ကြီးမှာ ဂျပန်ခေတ်ကိုပင်သတိရနှိုင်လောက်အောင် အရောင်မှိန်ဆေးကွာ နေရသည့်အထဲတွင်...လူထိုင်ရန်လုပ်ထားသောနောက်ထိုင်ခုံကိုဖြုတ်၍ ပစ္စည်းတင်ရန်ပြုလုပ်ထားသောကယ်ရီယာအကြီးစားကြီး ကိုတပ်ဆင်ထားလေရာ..ထိုဗိုက်ပူပူကတုံးဆံပေါက်နှင့် ဤ ဆိုင်ကယ်အိုကြီးကိုတွဲ မြင်သူတိုင်း ဝက်သားသယ်ကြီးဟုထင်ကြလေတော့သည်။

အနှီဝက်သားသည်ရုပ်နှင့်လူကား အလွန်စိတ်အိုက်ကာ မနေတတ် မထိုင်တတ်ဖြစ်ကာ ဆိုင်ကယ်ကို နေရာရွေ့ပြီး ထိုင်စရာရှာ၏။ ထို့နောက် ဤမျှပူသော နေရောင်အောက်တွင် ဖင်ထိုင်ခုံကို ဤအတိုင်းထားပါက ဖင်မွှေးပြောင်မည်ကိုသတိရသဖြင့် ဖင်ထိုင်ခုံကို မပြန်လေပြီး ဖင်ထိုင်ခုံအောက်မှ ပုဆိုးစုတ်ကြီးကိုထုတ်ပြန်၍ ဆိုင်ကယ်အိုကြီးအားလွှမ်းခြုံပေးလေ၏။ သစ်ပင်ရိပ်ရှိသော ကျုံးဘေးသို့လျောက်ကာထိုင်စရာခုံလေးမှ အနောက်ပေါက်( နန်းမြို့တော်အနောက်တံခါး)သို့မျှော်ကြည့်လေပြန်၏။ ထိုမှ တဖန် သူ့ကို မမြင်မည် စိုးသဖြင့် ကျုံးကူးအနောက်တံတားပေါ်ထွက်ကာလျောက်ပြန်လေသည်။

ဤသို့ ဂနာမညိမ် ဖင်တကြွကြွဖြစ်နေ၇သောအကြောင်းမှာ ကား........

တချို့အတွက်လွယ်ပေမဲ့


တချို့အတွက်လွယ်ပေမဲ့.....တကယ်ပါ...ကိုယ်စိတ်ဝင်စားတဲ့အလုပ်တစ်ခုကိုလုပ်ရတာ မလွယ်လှပါဘူး။
ဗလောဂ့်ဂါ လုပ်ရတာကော လွယ်မယ်များထင်နေလား....။မထင်ပါဘူးဆိုတာထက် မလွယ်ဘူးလို့ပဲပြောပါရစေ။
စက်ပူတယ်။ လူပင်ပန်းတယ်။ နောက် တစ်ချက်က အချိန်တွေတော်တော်ကုန်ပါတယ်။ တကယ့်ကိုပါပဲ ကိုယ့်ဗလော့လေးကို တသသလုပ်ရတာ အချိန်ကုန်မြန်လွန်းပါတယ်။ပြင်ရဆင်ရ တာကတစ်မျိုး ရေးရတာက တစ်မျိုးပါ။ဒီဗလော့လေးကို အကြောင်းအမျိုးမျိုးကြောင့် ၂ နှစ်နီးပါးမရေးဖြစ်ခဲ့ပါဘူး...။ဒါပေမဲ့ခုကစပြီးရေးပါတော့မယ်။အလုပ်ပင်ပန်းတာနဲ့ အလုပ်အဆင်မပြေတာတွေကြောင့်လည်းပါပါတယ်

မပြောမပြီး မတီးမမည် မို့ လက်တို့ပြီးပဲ ပြောရဦးမယ်....။မလွယ်တဲ့အကြောင်းလေးတွေ...။ ဗီဇက်အိုမှာပဲရေးနေကျပေါ့..လွယ်တယ်လေ ဆရာကြီးတွေမရေးဘူး..ကိုယ်လို လက်တဲ့စမ်းသူတွေပဲရှိတာ..မြေစစမ်းခရမ်းပျိုးဆိုသလိုပါ။

ကိုယ်ဘာကောင်လည်း လူမသိအောင်လည်းရေးတတ်ရသေးတယ်ဗျ..သိသွားရင် ပေါ့သွားတတ်လို့..ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘာတွေစိတ်ဝင်စားတယ်ဆိုတာက လူတိုင်းသိလို့ကမကောင်းဘူး...။ အဲဒါက တစ်ချက်ပေါ့ဗျာ...ဖတ်တဲ့လူ စိတ်ဝင်စားအောင်ကလည်း လုပ်ပေးရသေးတာကိုးဗျ...။အဲ ဒါပေမဲ့ အလကားနေရင်း စိတ်ဝင်စားရုံတင်မက ဝင်သမရင်လည်း ခံရတတ်တာပေါ့လေ။

ကိုယ့်ဘာသာ လွမ်းတာလည်း ဘလိုင်းဆဲခံရတာပဲ ။ရှိသေးတယ်..မှတ်မှတ်ရရ ကိုယ်အခြေအနေနဲ့ကိုယ် စိတ်ကတို စိတ်ဓါတ်ကျနေတာလေးပျောက်အောင် ကျန်ုပ်၏ ပစ္စုပန်ဆိုတာလေးရေးလိုက်တာလေ...။ကိုယ်ဝမ်းနာကိုယ်သာသိသတဲ့....ကိုယ်ဘာသာ အဆင်မပြေတာတွေရှိလို့ ဘာစာမှ တောင်မရေးဖြစ်ဘူး...ကိုယ်ချစ်တဲ့ ကောင်မလေးအွန်လိုင်းမလာတာကို မျှော်တဲ့အကြောင်းကို ရသမြောက်မလားလို့ တဂိုးကဗျာများ ဖတ်ကြည့်ရင်းကနေစိတ်ကူးပေါ်လာလို့ လွမ်းနေ မျှော်နေတဲ့အကြောင်း လက်တည့်စမ်းပြီးရေးလိုက်တာ..။

ကောင်မလေးကိုမျှော်တဲ့အကြောင်းရေးတာပါပဲ..ရေးတာကတော့ တဂိုး ကဗျာ စတိုင်နဲ့ရေးတာ ...ဘယ်ကနေဘယ်လိုများ ဘယ်လိုတွေးသလည်းမသိပါဘူး.... နိုင်ငံရေးပါတယ်ဆိုတဲ့အထင်နဲ့ ကျုပ်ကိုများကပ်ပါးကောင်လို့ ကွန့်မန့်ပေးသွားသေးသဗျ....။ကိုယ်ရေးတာက တဂိုးထက်တောင် ကောင်းသွားတယ်ထင်ပါ့...

အရှေ့မှာ ရေးထားဘူးတဲ့ တွေးမိတွေးရာနဲ့ ဆက်စပ်ပြီး ခံစားသွားပုံပါပဲ...။အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုသွားလိုက်တာလည်း မနည်းပါဘူး...ကိုယ်ကတော့ အာရုံနောက်လို့ ဖျက်လိုက်တယ်..နောက်ဘာတွေလာရေးရေး အာရုံမရရင် ဖျက်ချလိုက်ရုံပါပဲ...ဘာမဟုတ်တာလေးကနေ အာရုံလာစားနေတော့ ဘာမှတောင်မရေးချင်တော့ဘူး...အခုမှ စိတ်ကလေးပြန်ရလာလို့ ဘိုလိုဆို မုဒ်ပေါ့ mood ပေါက်လာလို့ ပြန်စတာ...

ရေးတော့ရေးတာပဲ...သူများတွေရေးထားတဲ့ ဗလော့တွေရင်း လိုက်လည်ရင်းပေါ့ ...ဗလောဂါဒေါ့ကွန်းကြီးရှိသမျှတော့ ပညာတွေရမှရ...ကိုယ့်ဘာသာကိုယ်ဟန်မကျတာလည်း သိတယ်...ပြီးတဲ့တစ်ပါတ် အားနေလို့ ဘာစာရေးမလည်းတွေးရင်း..ငေးရင်း..ဖတ်ရင်း..ချက်ရင်း...အချိန်သာကုန်သွားတယ် မန်းကျော် တစ်ပုဒ်မှ မပြီးခဲ့ဘူး..။ရေးလက်စ လူလိမ်ကြီးလည်း ဆက်မရေးဖြစ်တော့ ဆက်ရေးဖို့ တိုက်တွန်းတဲ့လူက အယောက်၁၀၀ လောက်ရှိတယ်(ဖြစ်ချင်တာပြောတာပါ)...အလုပ်ကိစ္စလေးလည်း အဆင်ပြေလာပြီး ကွန်နက်ရှင်ကလည်း အိပ်ယာထဲကနေတောင် တုံးအပြည့်တက်နေတော့ ဒီမနက် အာရုံရတာနဲ့ ထရေးတာပါပဲ...ခေါင်းစဉ်လေးပေးလိုက် ရေးလိုက် ဖျက်လိုက်နဲ့....ဘာမှ ဖြစ်မလာဘူး....

ဒါကြောင့်ပြောတာ လွယ်မယ်ထင်နေလားလို့ ....အလကားနေရင်း ပိုက်ဆံမရ ...အချိန်ကုန် လူပင်ပန်း..စက်ပူ...လက်ညောင်းခံပြီး...ဖတ်တဲ့လူမှာ တစ်ခုခု၇စေချင်တဲ့ စေတနာနဲ့ စိတ်ပါလက်ပါနဲ့ စာကောင်းတစ်ပုဒ် ကဗျာကောင်းတစ်ပုဒ် ဖြစ်အောင်ရေးရတာ လွယ်မှတ်လို့။ ကိုယ်ရေးတာကိုယ် အဆင့်မမှီဘူးလို့ ခံစားရတဲ့ ဒုက္ခ။သူများဗလော့ဂ်တွေသွားလည်ရင် အားကျပြီး ကိုယ်ရေးတာကို စိတ်ပျက်ရတဲ့ဒုက္ခ။ဗလော့ဂါရူးလို့ ပြောခံရတဲ့ဒုက္ခ။ အရည်မရ အဖတ်မရအလုပ်တွေနဲ့ အချိန်ကုန်တယ်လို့ ပြောဆိုခံရတဲ့ဒုက္ခ။အဲအဲ..အလကားနေရင်း တိုက်ခံခံရလို့ ကျွဲမြီးတိုရတဲ့ ဒုက္ခ ဒါတွေကို ရင်ဆိုင်ပြီးမှ ဗလော့ဂါပေါက်စ ဖြစ်လာရတာ....တော်ကြာနေ ..အရင်ကတော့ “သခင်ပေါက်စ ထောင်ခြောက်လ ” ကနေ ခုခေတ်ကာလက “ဗလော့ဂ်ဂါ ပေါက်စ ထောင်ခြောက်လ ” ဖြစ်နေတာဆိုတော့ ဘာလေးညာလေးလည်း ကြည့်ရှောင်ရသေးတယ်...။ ကဲပါလေ ပြောလက်စနဲ့ ပြောရဦးမယ်... နိုင်ငံရေးဘာညာ ...လုံးဝ မရေးဘူး...ရေးနေ လုပ်စားနေကြတဲ့လူတွေကိုလည်း အထင်မကြီးဘူး...ရေးနေ..တိုက်နေကြတာ ..လေသေနတ်ပစ်နေကြတာလည်း ကြာလှပြီလေ...အဲတော့ ပစ်ချင်သလိုပစ်ကြ..ကိုယ်ကတော့ အာရုံမရ ဓါတ်မကျဘူး...။ကိုယ့်ဘာသာ အာရုံမရလို့ ဘလော့ဂ်ဂါကရော နိုင်ကရော မာလ်တီကလိုင်းကရော အကုန်ဖျက်ချပစ်လိုက်တာ ..အားလုံးကိုစုစည်းပြီး အကြီးကြီးလုပ်မယ်ပေါ့(အတွေးက ) ခု ဘာမှ မလုပ်ဖြစ်သေးလို့ ကိုယ့်ဘာသာကိုယ် အာရုံမရ ရတဲ့ ဒုက္ခ...ရေးမလို့ ကြိုးစားရင် ....ဘာမှ စဉ်းစားလို့ မရတဲ့ ဒုက္ခတွေ...မနည်းဘူးနော်...ဒါကြောင့်ပြောတာ ...လွယ်မယ်ထင်နေလားလို့....

အနည်းဆုံးတော့လည်း မလွယ်တဲ့ အကြောင်းလေးရေးလိုက်ရင် ဝါသနာတူတွေ လက်ခံမလား...အိုလေ...လက်မခံလို့ လာဆဲလည်း ဒါလည်း အားပေးမှုတစ်မျိုးပဲလို့ လက်ခံလိုက်မယ်ဆိုပြီး မလွယ်တဲ့အကြောင်းလေးရေးမှိတာပေါ့...။

ကဲ ပြော.....ဒီလိုစာတစ်ပုဒ် ဖြစ်လာဖို့ အချိန်တော်တော်ပေးရတယ် (typing နှေးလို့လေ။) ကဲပြောသားပဲ လွယ်မယ်ထင်နေလားလို့ ..မလွယ်ဘူးးးးးးးဟူးးးးး

ဘာဆက်ရေးရမလည်း.... မလွယ်ဘူးနော်....အဲ...ဘာဆက်ရမှန်းနောက်မှဆက်စဉ်းစားတော့မယ် ခုတော့ အချိန်က မရတော့ဘူး..သွားစရာရှိလို့။
သွားစရာဆိုလို့ အကြီးကြီးထင်မနေပါနဲ့ ဟင်းချက်စားစရာမရှိလို့ ကြက်ဥသွားဝယ်မလို့ပါဗျာ။ ဖတ်ပေးတဲ့လူကိုကျေးဇူးတင်နေမှာပါ။

မန်းကျော်။ ။